tracker tracker >>>SCORPION<<<: မိုးစက်တွေကြားက ငယ်ဘဝ

Sunday, June 17, 2007

မိုးစက်တွေကြားက ငယ်ဘဝ


...ဒီပို့စ်လေးကို ဒေါ်ညလေးက ဘေးထိုင်ဘုတော စီဘောက်ထဲမှာ ခြိမ်းခြောက် အဲလေ လာရေးခိုင်းတာနဲ့ စာရေးပျင်းတဲ့ ကျွန်တော်လည်း အားနာပါးနာ နဲ့ (အားနာတာထားတော့ ပါးနာတာတော့ ဒေါ်ညလေး မကျေနပ်ရင် ရိုက်မှာကြောက်လို့ ဟီး ဟီး) မိုးရာသီအကြောင်းရေးရပြန်ပြီပေါ့။....
**************************************************************************

ကျွန်တော်က ယောက်ျားလေးဆိုတော့ မိုးရွာရင်တော့ အသေပျော်တယ်။ ပြီးတော့ မြန်မာပြည်မှာ မိုးရာသီရောက်ပြီဆိုရင် ကျောင်းတွေက ပြန်ဖွင့်ပြီလေ။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မှာကိုး။ ပြီးတော့ မိုးရွာရင် ညနေပိုင်းရွာပါစေလို့ အမြဲဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ ညနေပိုင်း ကျူရှင်လွှတ်လို့ မိုးရွာရင် သူငယ်ချင်းတွေနဲ့ ဘောလုံးကန် မကန်ရင် စက်ဘီးကို တစ်မြို့လုံးပတ်စီး.. ပျော်စရာကြီးပါ။ ဒီကြားထဲ ကွက်ကြားမိုးနဲ့တိုးရင် ဖျားသေးတယ်... ဟိုဘက်မှာ ရေတွေစိုပြီး ဒီဘက်လည်းရောက်ရော နေကပူနေတော့ အပူရှပ်ပြီး ဖျားကုန်တာပေါ့။ ဟီး ဟီး ဒါလည်းမမှတ်ကြပါဘူး နေကောင်းတာနဲ့ ညနေပိုင်းမိုးရွာရင် မိုးရေထဲ ပြန်ရောက်ကုန်တာပါပဲ။ ငယ်ငယ်ကဆိုတော့ ကမြင်းကြောထဖို့ပဲ စိတ်ထဲရှိတာကိုး။ မိုးရွာရင် ထွက်လာတဲ့ မြေသင်းနံ့လေးကိုတော့ အခုထိမြတ်နိုးတုန်းပါပဲ။

မိုးရာသီရောက်ပြီဆိုတော့လည်း အစားအစာတွေ တယ်ပေါ။ အများဆုံးက ဖား၊ ငါး၊ အသီးအနှံတွေ။ မိုးရာသီမှာ ပေါ်တဲ့ တစ်ချို့ အသီးအရွက်တွေ ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးထဲမှာပါ ပါတယ်။ အဘွားက အရိုးတံနဲ့အရွက်တစ်မျိုးကို ချဉ်စပ်ကြော်ပေးတာလေးရှိတယ်။ ခေါ်တာတော့ ဇရစ်ကြော်ဆိုလားပဲ။ (အခုတော့ မစားရတာကြာပြီ ဒီမှာ အဲဒီ အရွက်လုံးဝကို မရှိတာ)။ ပြီးတော့ ဖါးကို ကင်ပွန်းချဉ်ရွတ်နဲ့ အစပ်ချက်ပေးသေးတယ်။ (ရှလွတ် ပြောရင်း သရေကျလာဘီ ဟီးးး)။ နောက်တစ်ခုက ဂဏန်း သေးသေးလေးတွေပါ။ တချို့လူတွေက မစားဘူး။ ငရဲကြီးမှာ ကြောက်လို့တဲ့ ။ အစကတော့ ကျွန်တော်လည်း မစားပါဘူး နောက်တော့ အရသာတွေ့ပြီး အ၀တီးတာပါပဲ ဟီး ဟီး။ ငရဲကြီးတာ မကြီးတာတော့ မသိဘူး ငယ်ငယ်က အစားဆိုရင် အတော်သောင်းကျန်းသားလား။ ညီမလေးတွေကတော့ မစားပါဘူး။ အဲ ဒါပေမယ့် ဂဏန်းသည်လာပြီဆိုရင် ဂဏန်းအရှင်လေးတွေတောင်းပြီး မွေးထားတတ်ကြပါတယ်။ အဲဒီဂဏန်းကို အိမ်ဘေးက သဲပြင်နေရာရေကွက်နားလေးမှာ အရုပ်အိမ်တွေဘာတွေနဲ့ အိမ်ဆောက်ပေးသေးတယ်ဆိုပဲ။ (မိန်းခလေးတွေများ ပေါက်ပေါက်ရှာရှာနော်)။ နောက်ပြီးတော့ ရေတွင်းငါးလို့ခေါ်တဲ့ ငါးရံ့ပေါက် သေးသေးလေးတွေ အစပ်ချက် အချိုကြော် ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ စားတာပဲ ဟီး။ (အောင်မလေး စားချင်လာဘီ အဲဒါ ဒေါ်ညလေးကြောင့်ပေါ့ ငါ ဟင်းအကြောင်းတွေ မေ့ထားတာကြာပြီ ဟမ်း ဟမ်းနော်)။ နောက်တစ်ခုက မုန့်တီ နေ့လည် ဒါမှမဟုတ် ညနေပိုင်း မိုးရွာပြီးရင် မုန့်တီသောက်တာ အကျင့်တစ်ခုလိုဖြစ်နေပြီ။ အိမ်နဲ့ မုန့်တီဆိုင်က သိတ်မှမဝေးပဲလေ။

မိုးရာသီဆိုတော့ ကောင်မလေးတွေ ကျောင်းလာရင် ထီးလှလှလေးတွေနဲ့ သူပြိုင် ကိုယ်ပြိုင်ပေါ့။ ယောက်ျားလေးတွေကလည်း သူပြိုင်ကိုယ်ပြိုင်ပါပဲ ငမ်းကြတာ။ (အဟီ အဲဒီထဲမှာ ငါရော ငါ့တယ်ရင်းတွေကောပါဒယ်)။ အဟဲ ယောက်ျားလေးတွေကလည်း မိုးကာ အင်္ကျီ ဒီဇိုင်းလှလှ အရောင်တောက်တောက်တွေနဲ့ လန်ပြန်နေတာပဲ။ စက်ဘီးစီးရင်တော့ အန်ဒရာယ်များသားလား။ ထီးကတစ်ဖက် စက်ဘီးကတစ်ဖက်ဆိုတော့။ ကားကျိတ်လို့ လုံးရာတစ်ခြား ပြားသွားမှလည်း စိုးရသေး။ ကျောင်းပြန်လွှတ်လို့ မိုးရွာရင်တော့ ရွာစမ်းပါစေ လွယ်အိပ်ကိုပဲ ထီးဆောင်းပေးထားတယ်။ အိမ်ရောက်တော့ မိုးရေ စိုရွဲလို့။ အမေကတော့ ဆူတာပေါ့။

အစ်ကိုဝမ်းကွဲတစ်ယောက်ပြောဖူးတာလေးရှိတယ်။ အသဲကွဲလွယ်သူတွေဟာ မိုးရေထဲလမ်းလျှောက်ရတာ နှစ်သက်ကြတယ်တဲ့။ ဘာလို့လဲဆိုတော့ ငိုတဲ့အခါ မိုးရေနဲ့ မျက်ရည်ရောသွားတာရယ် ပူနေတဲ့ရင်လည်း အေးမြသွားတာရယ် ကြောင့်ပါတဲ့။ အဲဒီတုန်းကတော့ ဘာမှန်းနားမလည်ဘူး။ အသဲကွဲတယ်ဆိုတာ ဘာမှန်းမှမသိတာ။ သေချာတာတော့ မိုးရွာရင် ကျွန်တော်ပျော်တယ်။ မိုးရွာထဲ နှုတ်ခမ်းတွေပြာတဲ့အထိ စက်ဘီးနင်းဖူးတယ်။ ပြီးတော့ တွေ့တဲ့ဆိုင်မှာ ဆန်ပြုတ်ပူပူလေးဝင်သောက်ရတာကို နှစ်သက်တယ်။ မိုးရွာထဲ ရွှံ့လူးပြီး ဘောလုံးကန်ရတာလည်း တမျိုးနှစ်သက်ပြန်တယ်။ မိုးရေထဲမှာ အသံဝင်တဲ့အထိ အော်ပြီး ဘောလုံးကန်ကြတာလေ။ နောက်နေ့ရောက်လို့ ဆရာက စာမေးရင် အသံမထွက်တော့ဘူး ဟီး ဟီး။

မိုးရွာတဲ့ညဆိုရင် အိပ်လို့အကောင်းသားလား။ မိုးသည်းလေ ကျွန်တော်ပိုပြီး အိပ်ကောင်းလေပါပဲ။ တချို့ကတော့ ညဘက်မိုးသည်းရင် ကြောက်တတ်ကြသတဲ့။ ဘာကြောင့်လဲတော့ ကျွန်တော်နားမလည်ပါဘူး။ ညဘက်ဆို ဖားအော်သံ အုံးအွမ် အုံးအွမ် နဲ့ နားထောင် ကောင်းသားလား။ မိုးသည်းသည်းရွာပြီဆို ကျောင်းကအရင်ဆုံး ရေတက်တယ်။ ချောင်းကခွဲထွက်တဲ့ ရိုးက ကျောင်းနောက်တင်လေ။ ကျောင်းလည်းပိတ် ရေကလည်း ကြီး ကျောင်းနောက်က ဘောကွင်းဆို ရေ ဒူးခေါင်းလောက်ရောက်တာ အနည်းဆုံးပဲ။ မျှော့တွေကတော့ အများသားလား။ အဟီး ဟီး ကျွတ်သာကျွန်တော်မကြောက်တာ မျှော့တော့ အသေကြောက်။ ရေကူးချင်ရင်တော့ အိမ်နဲ့ ၁မိုင်ကျော်ကျော်လောက်ဝေးတဲ့ ဆည်မြောင်းသွားကူးရတယ်။ အသက်၁၄လောက်ရောက်တော့ (လွန်ခဲ့တဲ့ ၃နှစ်လောက်ပေါ့) မိုးဖွဲဖွဲလေးကျပြီဆို ညနေပိုင်း ကျူရှင်ပြီးရင် သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် စက်ဘီးတွေနဲ့ ထွက်ပြန်တယ်။ တချို့ကောင်တွေက သူတို့ကောင်မလေးတွေ အိမ်ရှေ့ကို ယောင်၆၀ သွားလုပ်ကြတယ်လေ။ မိုးကာအရောင်တောက်တောက်လေးတွေနဲ့ အဖွဲ့လိုက် ဆူညံကျဲနေတော့ ကောင်မလေးတွေလည်း ပိုသတိထားမိမှာပေါ့။ ပြီးတော့ တခြားကျူရှင်တွေဘက် လျှောက်ပတ်စီးကြပါသေးတယ်။ အဲဒီအချိန်ဆိုရင် အကုန်မေ့ အိမ်စာတွေလည်းမေ့ အမေခိုင်းတာလည်းမေ့ တမေ့တမောကို ကဲကြတာ ဟီး ဟီး။
**********************************************************************

ပြန်တွေးရင်း သတိရလာပြီ။ ဒီလောက်နဲ့ပဲ ရပ်တော့မယ် တော်လောက်ပါပြီ။ ကျွန်တော့ရဲ့ မိုးရာသီအကြောင်းရေးရင် ပြီးမှာမဟုတ်တော့ဘူး။ (ကျွန်တော့ကိုရေးခိုင်းတဲ့ ဒေါ်ညလေးတော့ ကျေနပ်လောက်ပါရဲ့)။ ...





အပျင်းပြေကြမယ်ဆိုရင်ပဲ

ကျေးဇူးတင်လျက်


No comments: