tracker tracker >>>SCORPION<<<: Devil ဇာတ်ဆရာ

Tuesday, June 26, 2007

Devil ဇာတ်ဆရာ


... ...တောက်...(နာကျဉ်းချက်နဲ့ ခပ်ပြင်းပြင်းတောက်ခေါက်လိုက်သံပါ)။ ....ဟ ငလတ်ရ ဘယ့်နှယ့်ထဖြစ်ရတာတုန်း....(ငဇော်ကပြောလိုက်တာပါ)။ ....အေးလေကွာ ဟိုကောင်က သူ့အကြောင်းသူပြောတာ မင်းက ဘာထဖြစ်ရတာတုန်း....(ကျွန်တော်က၀င်ပြောလိုက်တာပါ)။ ...အလကား အဲဒီကောင် အချိန်ကျလို့ ကျောက်ထတာ ဟီး ဟီး....(ငဖြိုးကပါ ၀င်နောက်တယ်)။ (ငလတ်က) ...ငါမခံချင်လွန်းလို့ပါကွာ....။ ....ဟ ဟိုကောင် ငသူရအထိုးခံရတာ မင်းအထိုးခံရတာမှမဟုတ်တာ မခံချင်ရအောင် မင်းကသူ့ညီမကိုပိုးနေလို့လား....(ငဇော်က အချွန်နဲ့ မ တယ်)။ ဟိုငိုမဲ့မဲ့နဲ့ မနေ့ကအကြောင်းပြောနေတဲ့ ငသူရ ထိုင်နေတဲ့ ဖင်လေးတွန့်သွားတယ်။ ....ဟိုကောင်ငသူရ ဖင်ကရွစိစိနဲ့ပုရွက်စိတ်ကိုက်လို့လား ကြမ်းပိုးထိုးလို့လား...။ ငဖြိုးက .....မဟုတ်လောက်ဘူးငနိုင်ရာ သူ့အောက်မှာ ခုံညပ်နေပြီထင်တယ် ဟီး ဟီး... (အားမနာလျှာမကျိုး သူများခံရပြီဆို ပိုကြပ်ပေးတတ်တာ ကျွန်တော်တို့အလုပ်)။ ....မင်းတို့ကလည်း သူငယ်ချင်း အချင်းချင်းမစာမနာပြောရက်လိုက်တာ....။ ....အေးလေ ပြောပြလိုက်စမ်းပါ ငနိုင်ရာ... ။ ငလတ်က ကျွန်တော့်ဘက်လှည့်ပြီး အားကိုးတကြီးနဲ့ပြောလိုက်တာပါ။ ....ဒါနဲ့ ဟိုကောင် ငသူရ မနေ့က မင်းအနားမှာငါတို့မရှိတုန်း ဘာတွေဘယ်လိုဖြစ်တာလဲကွ သေသေချာချာပြောစမ်းပါဦး....။ ဟုတ်ပါတယ် မနေ့ကကျွန်တော်တို့ကျောင်း ဘောပွဲရှိတယ်လေ ကျွန်တော်တို့ကျောင်းဘောလုံးအသင်းထဲမှာ ငသူရကလွဲလို့ ကျန်တဲ့ ငလတ်၊ငဖြိုး၊ငဇော် နဲ့ ကျွန်တော်က အသင်းထဲမှာပါတယ်လေ။ ဘောပွဲက ကျွန်တော်တို့ကျောင်းကွင်းမှာကန်ကြတာပါ။ ငသူရက အသင်းထဲမပါတော့ ပွဲကြည့်ပေါ့။ ဖြစ်ချင်တော့ ကျွန်တော်တို့ကျောင်းနဲ့ကန်ရတဲ့ကျောင်းက ကောင်မလေးတစ်ယောက်ကို ငသူရကကြိုက်နေတာပါ။ ဒီတော့ မနေ့က ဒီကောင့်ရဲ့ မဟာအခွင့်အရေးကြီးပေါ့။ ဒါပေမယ့် ဒီနေ့ဒီကောင့်ကိုတွေ့တော့ မျက်ကွင်းလေးညိုလို့ပါလား။ ဘာတွေဖြစ်ခဲ့ပါလိမ့်။ ....ပြောလေ ငသူရ...။ ဟိုကောင် ငဖြိုးရဲ့အသံကြားမှ ကျွန်တော့အတွေးစ ပြတ်သွားတယ်။ ငသူရရဲ့ လေသံတိမ်တိမ်လေးထွက်လာတယ်။ ....၁စက်ကန့်၊ ၂စက်ကန့်....။ ငဇော်ကစိတ်မရှည်ဘူးထင်ပါရဲ့ ...ဟေ့ကောင် အသံကျယ်ကျယ်ပြောပါဟ....။ အဲဒီအချိန်မှာ ကျောင်းခန်းထဲ ငရဲတစ်ယောက်ဝင်လာတယ်။ ...ဘာဖြစ်နေကြတာဟ မင်းတို့ကောင်တွေ ဘာမဟုတ်တာလုပ်မလို့ လူစုနေကြတာလဲ....။ ဟုတ်တော့လည်း ဟုတ်သား မုန့်စားဆင်းချိန် ကျောင်းခန်းထဲမှာ ကျွန်တော်တို့ချည်းပဲလေ။ ...ဘာမဟုတ်ပါဘူးဟ ဟိုကောင်ငသူရ ဘာလို့မျောက်မျက်ကွင်းညိုဖြစ်နေလဲဆိုတာ မေးနေတာ ဟီး ဟီး (ငဖြိုးက ငရဲကိုပြောလိုက်တာပါ)။ ငရဲက...အဟား ဟား အဲဒီအကြောင်း နာတိဒယ် အခွီခွိ နာအနီးကပ်ကိုမြင်ခဲ့ကြားခဲ့တာ အဟီး ဟီး... ။ ပေါင်းမိကြတာလည်းမပြောနဲ့ သူများအကြောင်းပြောဖို့ဆို ငရဲကလည်း ကျွန်တော်တို့နဲ့ အကျင့်တူပဲလေ။ ...မနေ့က အဖြစ်အပျက်က ဒီလိုကွ..............


မနေ့က ဘောကွင်းထဲရောက်တဲ့အထိ ငသူရက ကျွန်တော်တို့နဲ့ ကပ်ပါလာတယ်။ ငလတ်က....ဟေ့ကောင်ငသူရ မျက်နှာက တယ်လည်း ကြက်သရေခွေးသရေလဒသရေ အကုန်ရှိနေပါလား...။ ...အဟဲရှိရမယ်လေ ဒီနေ့ကောင်မလေးကိုတွေ့ရင် စကားသွားပြောမယ် အစဉ်ပြေရင် စပါယ်ယာဘတ်အနေနဲ့ ရည်းစားစာဆောင်ထားတယ် အဟီး ဟီး...။ ပြောပြောဆိုဆို အိပ်ကပ်ထဲက ရည်းစားစာလေးထုတ်ပြတယ်။ ...သြော် လဒငနာ လက်စသတ်တော့ မင်းက ငါတို့ကိုအားမပေးပဲ ဒီအကြံနဲ့ ဘောပွဲလာကြည့်တာကိုး.... (ငဇော်မကြေမချမ်းနဲ့ပြောလိုက်တယ်)။ ...အဟဲ အဲ အဲလိုလည်းဟုတ်ပါဘူးဟ...။ ပြီးလည်းပြီးရော မြောက်ကြွမြောက်ကြွနဲ့ ခုံတန်းတွေဘက်ထွက်သွားတယ်။ ကျွန်တော်တို့လှမ်းကြည့်တော့ ဒင်းက ကောင်မလေးနားမှာ နေရာတောင်ယူထားပြီးပြီ ဘေးမှာတော့ ငရဲရှိနေတယ်လေ။ (((အဲဒီထိမင်းတို့ သိပြီးရောပေါ့ အဲဒီနောက်ပိုင်းဖြစ်တာဒီလိုကွ)))။ .....ရွှီးးးးးး..... ဒိုင်လူကြီးက အချက်ပေးတာနဲ့ ဘောပွဲကစပါပြီ။ အဲ တစ်ချိန်တည်း ငသူရလည်း ဇာတ်လမ်းစပြီပေါ့။ ကောင်မလေးနဲ့က အရင်ကတည်းက သူငယ်ချင်းကောင်မလေးတစ်ယောက်အကူညီနဲ့ မိတ်ဖွဲ့ပြီးသား ဆိုတော့ ငသူရအတွက် ဘာမှထွေထွေထူးထူးပြသနာမရှိပါဘူး။ ဒီလိုပဲ ဘောပွဲကလည်း နှစ်ဖက်အသင်း အကျိတ် အနယ်ကစားနေတယ်။ ငသူရကလည်း အကျိတ်အနယ်ပါပဲ။ မရိုးနိုင်နဲ့ စကားလုံးတွေနဲ့ စာသားအနုအရွလေးတွေရွေးပြီး ကောင်မလေးဆီကို တော်ကီတွေ မပြတ်လွှတ်နေတယ် ၂ယောက်လုံးက ဘောကွင်းထဲမှာ အာရုံမရှိကြဘူးလေ။ အဲဒီမှာ ငသူရက ပါးစပ်ကမပြောရဲလို့ထင်တယ် စပါယ်ယာပတ်စ် အိပ်ကပ်ထဲက စာခေါက်လေးထုတ်ပြီးပေးလိုက်တယ်။ ကောင်မလေးက ယူမယ်လက်အလှမ်း။ ကောင်မလေးအစ်ကိုက ဖြတ်ယူသွားပါတယ်။ ...ညီမလေး နင်ဒါဘာလုပ်နေတာလဲ...။ ...ဟို ဟိုဒင်း....။ ...တော်စမ်း....။ ကောင်မလေး ခေါင်းလေးငုံ့သွားပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးအစ်ကိုဘေးနားက ချစ်ဖြိုး (နာမည်တွေတိုက်ဆိုင်သွားရင်ခွင့်လွှတ် ဒါက ဇာတ်လမ်းနာမည်ပါ) ဆိုတဲ့အကောင်က။ ....ဟေ့ကောင် နာချင်လို့လား ငါ့ရည်းစားကို စာပေးရအောင်....။ ငသူရ ကောင်မလေးကိုမေးလိုက်တယ်။ ...သူပြောတာ ဟုတ်လား ****....။ ကောင်မလေးက ဘာမှပြန်မပြောပဲ ခေါင်းလေးငုံ့ပြီး မျက်ရည်တွေကျလာတယ်။ အမှန်က ချစ်ဖြိုးဆိုတဲ့ အကောင်က ကောင်မလေးမိဘတွေနဲ့ သူ့မိဘတွေ ရင်းနှီးတာကို အကြောင်းပြပြီး အသားဝင်ယူနေတာပါ။ ငသူရလည်း ထိုင်ခုံမှာ မျက်နှာငယ်လေးနဲ့ ပြန်ထိုင်လိုက်တယ်။ ဒါကိုမှ ချစ်ဖြိုးဆိုတဲ့ ကောင်ကမမှတ်သေးဘူး ငသူရရဲ့ အင်္ကျီကို လှမ်းဆွဲပြီး ...ဟေ့ကောင် ငါ့ကိုပြန်တောင်းပန်စမ်း... ။ ငဖြိုးက.. ဘာလို့တောင်းပန်ရမှာလဲကွ မင်းနဲ့မှမဆိုင်တာ...။ ကောင်မလေးအစ်ကိုကလည်း ...ဟုတ်ပါတယ် ချစ်ဖြိုးရာ ဒီလောက်ဆို တော်လောက်ပါပြီ သွားရအောင်...။ ချစ်ဖြိုးက ယောက်ဖရှေ့ဆိုတော့ ပိုပြီးလူစွမ်းကောင်းလုပ်ချင်တယ်ထင်ပါရဲ့။ ....ဟေ့ကောင် တောင်းပန်မလား မတောင်းပန်ဘူးလား မတောင်းပန်ရင်....။ အဲဒီမှာတင် ကျွန်တော်တို့ ကျောင်းကအနိုင်ဂိုး တစ်ဂိုးသွင်းလိုက်ပါတယ်။ ....ဂိုးးးးးးးး....။ .....ခွပ်.....။ အသံနှစ်သံတစ်ပြိုင်တည်းပါပဲ။ ဘောလုံးဂိုးထဲဝင်သွားတာ လူတိုင်းသိလိုက်ပေမယ့် ငသူရဆိုတဲ့ကောင်လေးအထိုးခံလိုက်ရတာတော့ လူများများစားစားဂရုမပြုမိလိုက်ပါဘူးလေ။ ဟိုက လူအုပ်များတော့ ငသူရလည်း အားမတန်မာန်လျော့လိုက်ရတာပေါ့။ ချစ်ဖြိုးဆိုတဲ့ကောင်ကပြောသွားသေးတယ် ...အဟား ဟား ငါဆိုတဲ့ချစ်ဖြိုး မင်းကိုလူလည်ခေါင်မှာ ထိုင်ရှိခိုးနိုင်အောင်လုပ်နိုင်ရင် ****(ကောင်မလေးနာမည်)ကို ငါလက်လျော့ပေးမယ်....။ ကောင်မလေးအစ်ကိုက သနားတတ်တယ်ထင်ပါရဲ့ ငသူရကို ...ညီလေး ဘာဖြစ်သွားသေးလဲ တောင်းပန်ပါတယ်ကွာ... ဆိုပြီး လက်ကိုင်ပုဝါလေးတော့ ပေးသွားလေရဲ့။ ....မနေ့က အဖြစ်က အဲဒါပဲကွ....။ ငရဲရဲ့စကားအဆုံးသတ်သွားတယ်။

...သြော် ဂလိုကိုး...။ မနေ့ကအကြောင်းပြောပြီးပြီးချင်း အားလုံး အသံပြိုင်တူထွက်လာကြတယ်။ ...ဒါတော့ လုံးဝမခံသင့်ဘူး ဒီတော့ ငါတို့ ဘယ်လိုတုံ့ပြန်သင့်လဲ စဉ်းစားရမယ်...။ ကျွန်တော်က ၀င်ပြောလိုက်တာပါ။ (ငဇော်က) ကောင်မလေးအစ်ကိုက သဘောသိတ်ဆိုးပုံမပေါ်ဘူး မိဘတွေမျက်နှာကြောင့် ချစ်ဖြိုးဆိုတဲ့ကောင်ကို ဘာမှမပြောတာ ထင်တယ်....။ (ငလတ်က) အေး ဖြစ်နိုင်တယ် ကောင်မလေးကလည်း ငါတို့ကောင်ကြီး ငသူရကို ကြွေနေပုံပဲ...။ (ငဖြိုးက) ကြွေဆို ငါတို့ကောင်ကြီးက ရူပါဖြောင့်တာကိုး လောလောဆယ်တော့ မျောက်မျက်ကွင်းညိုဖြစ်နေတယ် ဟား ဟား။ ဟိုကောင်ငသူရ မြောက်ရမလို သစ်ကိုင်းပဲပြေးဆွဲရတော့မလိုဖြစ်သွားတယ်။ (ငရဲက) အခုအရေးကြီးတာ ချစ်ဖြိုးဆိုတဲ့ကောင်ကို ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာပဲ....။ .....ဒီတော့....။ အားလုံး ပြိုင်တူ ခေါင်းလေးတွေ ကျွန်တော့ဘက်ကိုလှည့်လာတယ်။ လှည့်မှာပေါ့ ပေါက်ကရ ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာဥာဏ်ဝါ ကျွန်တော့ခေါင်းက အကုန်ထွက်တယ်လေ။ Devilဇာတ်ဆရာလို့ အသိတွေခေါ်ကြတာလည်းမပြောနဲ့ ပြသနာဖြစ်ရင် ကျွန်တော်က အကွက်ကျကျဇာတ်လမ်းဆွဲပြီး ဖြေရှင်းတတ်တာကိုး။ ဒီတော့ ကျွန်တော်က ဆရာကြီးလေသံနဲ့ ....ငရဲပြောတဲ့ မနေ့ကအကြောင်းကိုပြန်သုံးသပ်ရင် မင်းလုပ်ရမှာ တစ်ခုပဲရှိတယ် ငသူရ....။ ....ဟေ လုပ်စမ်းပါဦးဟ....။ ...ဟိုအပိုးမကျိုးတဲ့ ချစ်ဖြိုးဆိုတဲ့ကောင်ပြောတဲ့အတိုင်း လူပုံလယ်မှာ သူကမင်းကို ထိုင်ရှိခိုးအောင်လုပ်ရုံပေါ့...။ ....အဟား ဟား ဟား ဟား ဟား...(ဟိုကောင် ငဖြိုးထရီတယ်)။ (ငလတ်က) ဟကောင်ရ ဟိုကောင်ချစ်ဖြိုးက ဒီငသူရကို အလကားနေရင်း အဖေရယ် ဦးလေးရယ်ဆိုပြီး သီတင်းကျွတ်မှာလို လာကန်တော့ပါ့မလားဟ...။ ...အေးလေကွာ သူရှိခိုးအောင် ဘယ်လိုလုပ်ရမှာလဲဟ... (ငဇော်နဲ့ငရဲက၀င်ပြောတယ်)။ ....အဟဲ ဟဲ နည်းလမ်းတစ်ခုတော့ ငါ့မှာရှိတယ် ငသူရလုပ်နိုင် မလုပ်နိုင်အပေါ်မူတည်တယ်....။ ငသူရက..ဘာဖြစ်ဖြစ်လုပ်မယ်ကွာ ****က ငါ့အသက်ကွ သူ့ကို သိတ်ချစ်....။ စကားတောင်မဆုံးသေးဘူး။ ....အဲ အဲလောက်ဆိုသိပြီ လုပ်မယ်ဆိုပြီးတာပဲ....။ အချစ်ဒသနကြီးဖွင့်မှာမို့ ကျွန်တော်လည်း စကားလှမ်းပိတ်လိုက်ရတယ်။ ...ကဲ ဒီတော့ ငဇော် မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့ မင်းရဲ့ဗွီဒီယိုကင်မရာကို ဗိုလ်ချုပ်ဈေးဘက်ကိုယူလာခဲ့... ပြီးတော့ ငသူရ မင်းကတော့ ပိုက်ဆံ၅၀၀လောက် အကုန်ခံရမယ် ဟဲ ဟဲ.... ကျန်တဲ့လူတွေကတော့ ဗိုလ်ချုပ်ဈေးရှေ့မှာ မနက်၈နာရီဆုံမယ်....။ ချစ်ဖြိုးတို့ မိဘတွေက အဲဒီနားတစ်ဝိုက်မှာ ဆိုင်ဖွင့်ထားတယ်လေ။ ကျောင်းပိတ်ရက်ဆို ချစ်ဖြိုးက မနက်၉း၀၀နာရီလောက်လာပြီး ဆိုင်ထိုင်ပေးရတာ ကျွန်တော်ကြိုသိနေတာကိုး။ ဒီလိုနဲ့ အစီစဉ်ဆွဲပြီး လမ်းခွဲလိုက်ကြတယ်။

နောက်နေ့မှာတော့ ကျွန်တော်ရယ် ကင်မရာမန်းငဇော်ရယ် အဓိကဇာတ်ကောင်ငသူရရယ် မနက် ၈နာရီခွဲလောက်မှရောက်လာကြတယ်။ ချစ်ဖြိုးတို့ဆိုင်ကိုလှမ်းကြည့်တော့ မဖွင့်သေးပါဘူး။ ဒါဆိုဒီကောင်မလာသေးဘူးပေါ့။ အနားတစ်ဝိုက်မှာတော့ လူစည်ကားစပြုလာပါပြီ။ ကျန်တဲ့ဟိုကောင်တွေ အိပ်ရာထနောက်ကျန်ပြန်ပြီထင်ပါရဲ့။ တစ်ကောင်မှပေါ်မလာဘူး။ ကျွန်တော်က နာရီကိုတစ်ချက်ငုံ့ကြည့်ပြီး စကားစလိုက်တယ်....ကဲ ငသူရ ဟိုးလမ်းဘေးက ပို့စ်တာဆိုင်က ဘုရားပုံတစ်ပုံလောက်ပြေးဝယ်လိုက်ကွာ...။ ...ဟေ ဘာလုပ်ဖို့တုန်း...။ ...ဘာလုပ်လုပ်ကွာ အခုကိစ်စက ဘုရားကယ်မှ ပြီးမှာ အဟီး ဟီး....။ ဟိုကောင်က အပြေးအလွှားထွက်သွားတယ်။ ကျွန်တော့နှုတ်ကတော့ ....အဖြစ်ဆိုးရှာတော့မယ့် ချစ်ဖြိုးချစ်ဖြိုး မင်းတော့ ဖင်ဗူးတောင်းထောင်ပြီး ရှိခိုးဖို့သာ ပြင်ပေဦးတော့ကွာ ဟား ဟား ဟား....။ ငဇော်ကတော့ ခေါင်းကုပ်ပြီး ကျွန်တော့ကို ပြူးပြဲပြီးကြည့်နေရှာတယ်။ ..........၉း၁၅မိနစ်........ ။ ....ငနိုင် ငနိုင်...။ အားလုံးပြီးမှ ဟို၃ကောင်အပြေးအလွှားရောက်ချလာတယ်။ ...အခြေနေဘယ်လိုလဲ...။ ကျွန်တော်လည်း အားရပါးရကြီးကိုပြုံးလိုက်တာပေါ့။ ....အဟဲ ဟဲ ငနိုင်ပဲကွာ မပိုင်ရင် ခြင်တောင်မရိုက်ဘူး....။ ကျွန်တော်မပြောခင် ငသူရက ၀င်ပြောလိုက်တာပါ။ ....ဟေ.... ဟို၃ကောင် ပါးစပ်အဟောင်းသားလေးနဲ့ပေါ့။ ...ငဇော် ဒီကောင်တွေကို ရီကော့ဒ်လုပ်ထားတာပြန်ဖွင့်ပြလိုက်..... ။ ...ဟိုက် ရှား ဘား....။ တကယ်ကို ချစ်ဖြိုးက ငသူရကို ထိုင်ရှိခိုးနေတာပါ။ ကျောင်းပြန်ဖွင့်တော့ ကျွန်တော့တို့က ချစ်ဖြိုးတို့ကျောင်းမှာဖွင့်ပြမယ့် အခွေနဲ့ ကျွန်တော်တို့ ရီကော့ဒ်လုပ်ထားတဲ့အခွေ လဲထားလိုက်တယ်။ ကျောင်းသား/သူတွေကို ဆရာတွေက ဘိုင်အိုအခွေအနေနဲ့ ဖွင့်ပြတော့ ချစ်ဖြိုး ထိုင်ရှိခိုးနေတဲ့ ပုံကြီးပေါ်လာပါရောလား။ ဟိုကောင် ချစ်ဖြိုးတစ်ယောက် ကျောင်းတောင် မဆင်းသေးဘူး အိမ်ကိုလစ်ပြေးပါလေရော။

ဒီလိုနဲ့ပဲ ကျွန်တော့သူငယ်ချင်းငသူရတစ်ယောက်လည်း ကျောင်းစုံညီပွဲတော်မှာ သူ့ကောင်မလေးကိုကျွန်တော်တို့ကျောင်းကိုအလည်ခေါ်ရင်း စုံတွဲခုတ်လာပါရောလား။ ကျွန်တော်တို့ကို မုန့်ကဒ်တွေပေးပြီး ကျွေးတာ တ၀တပြဲပဲ။ ...ဒါနဲ့ ငနိုင်နဲ့ ငဇော် အဲဒီနေ့က ဖြစ်ပျက်ခဲ့တာလေး ပြန်ပြောပါဦးဟ....။ ငလတ်က မေးနေတာပါ။ ....ကဲ ပြောဆိုလည်း ပြောရတာပေါ့ကွာ....။ ငလတ်၊ငဖြိုး၊ငရဲ နဲ့ ငသူရရဲ့ကောင်မလေးတို့က မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ နားထောင်နေကြပါတော့တယ်။ ။



.....အဖြစ်မှန် အဲဒီနေ့က။ ဟိုကောင် ငသူရဘုရားပုံသွားဝယ်လာပြီး သိတ်မကြာဘူး ချစ်ဖြိုး ကားတားကားတားနဲ့ သူ့ဆိုင်ဘက်ကို ခြေဦးတည်လာတယ်။ ဒီတော့ ကျွန်တော်က ငသူရကိုခေါင်းညိမ့်အချက်ပေးလိုက်တယ်။ စောစောက သင်ပေးထားတဲ့အတိုင်း လုပ်ဆိုတဲ့သဘောပေါ့။ ငသူရလည်း ကျွန်တော့နားကထွက်သွားတယ်။ ငဇော်ကတော့ သူ့ကင်မရာလေးနဲ့စတင်ရိုက်ကူးနေပါပြီ။ ငသူရက ချစ်ဖြိုးရှေ့ရောက်ခါနီးမှာ သူ့လက်ထဲက ဘုရားပုံကို လက်ကမတော်တဆလိုနဲ့ လွှတ်ချလိုက်ပါတယ်။ အဲဒီမှာ ချစ်ဖြိုးတစ်ယောက် ဘုရားပုံကို တက်နင်းမိပါလေရော။ ငလတ်ကလည်း အကွက်ထဲဝင်တာနဲ့ အော်လိုက်တယ် ။ .....ဟာ ဘုရားပုံကို ခြေထောက်နဲ့တက်နင်းတယ်ဟ....။ ရုတ်တရက်ဆိုတော့ ဟိုကောင်ချစ်ဖြိုးလည်း ဘာလုပ်ရမှန်းမသိပဲ။ ဘုရားပုံကို ထိုင်ကန်တော့နေပါရောလား။ သူ့ရှေ့မှာ ငသူရရှိနေမှန်းတောင်မသိရှာဘူးလေ။ လူတွေကလည်း ၀ိုင်းကြည့်နေကြတော့ ရှက်ရှက်နဲ့ ဘယ်နကြိမ်မှန်းမသိ ထိုင်ကန်တော့ပြီး ထွက်သွားပါလေရော။ ............. ။ .....အဲဒါပါပဲကွာ...။ နားထောင်နေကြတဲ့သူငယ်ချင်းတွေက .......ကောင်းလှချည်လား ငနိုင်ရာ ဟား ဟား ဟား.....။ (ငသူရက) မင်းနဲ့ဆို ဘာမှမပြိုင်ရဲ့ဘူး Devil ဇာတ်ဆရာငနိုင် ရာ....ဟား ဟား......။ အားလုံး ရီသံလေးတွေ စီစီညံသွားပါတော့တယ်။








(အဖြစ်မှန်တော့မဟုတ်ပါ စိတ်ကူးယဉ် သက်သက်လေးပါ)
...






ကျေးဇူးတင်လျက်


No comments: